Monday, January 30, 2012

မိုး

ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။

ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။

အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။

အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။

ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။

အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။

လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။

ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။

တာရာမင်းဝေ
“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ

Thursday, January 26, 2012

ပင်လယ်ရေးတဲ့စာ

ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်
မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးပစ်ချလိုက်ချင်ရဲ့။
ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်ထချင်တယ်
ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။
ခုတော့....ဘယ်ဖြစ်တော့မှာလဲ
သူမက
ငါ့ကို
ငြိမ်ငြိမ်လေးပဲ
လက်ပိုက်ရပ်နေတဲ့....။

တာရာမင်းဝေ

Sunday, January 22, 2012

နွား

မနှင်းဆီဆိုတဲ့ ကြောင်မလေးကို
ပန်းဝါတစ်ပွင့် လှီးကျွေးရတယ်။

သမံတလင်းပေါ် လွတ်ကျသွားတဲ့
ရထားငယ်အော်သံကို ပြန်ကောက်တယ်။

ဝတ်ရည်ကိုင်းတစ်ကိုင်းကို
တနင်္ဂနွေနေ့နဲ့တိုင်းပြီး ချိုးပေးရတယ်။

တစ်ဘ၀လုံး လိမ်းကျံခဲ့သမျှ
ရွံ့စေးလို ကွာကျမယ်မှန်း မသိဘူး။

အံ့သြစရာတော့ မဟုတ်ပါ။

မထားခဲ့ဖို့ ဆိုင်းညို့ တောင်းပန်ရင်း
အုန်းလက်နွားတစ်ကောင်လို ကျန်ခဲ့ရသူပါ။

တာရာမင်းဝေ