Wednesday, October 31, 2012

သတိရခြင်းဆိုတာ

လွတ်လပ်တယ်
တိကျသေချာတယ်
သိုဝှက်ဟန်ဆောင်မှုကင်းတယ်
လုံခြုံတယ်
အချက်အလက်ပြည့်စုံတယ်
ဒါပေမယ့် အထီးကျန်ဆန်တယ်
ဝမ်းနည်းစရာကောင်းတယ်
မရေရာတဲ့မျှော်လင့်ချက်ရှိတတ်တယ်
အဆိုးဆုံးကတော့…
တစ်ဖက်သက်ဆန်တယ်

အယ်လ်ဖြူ

Monday, October 29, 2012

ကာလနဂါး

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။
“ဘဝ..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ
ငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊
ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..
သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။
လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊
ကျေးဇူးပြုပြီး .. ငါ့ကို
“စောက်ရူး..” လို့ ခေါ်ပါ ။
မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊
ဟောဒီ .. စောက်ရူးမှာ
ယဉ်ကျေးမှု ထွန်းကားပါတယ် ။
ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဘို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူကိုလည်း မင်းတို့
အလေးပြုဘို့ အကြောင်းမရှိပေဘူး ။
အို … မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ..
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
မှားယွင်းကြ၊
ပက်လက်မျောဘို့အတွက်
တံတွေးခွက်ကြီးကြီးလိုက်ရှာကြ၊
ငါကတော့
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် .. ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။
နိုင်ငံကျော်တွေအားလုံးကို .. သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမဝခဲ့ကြပါဘူး ။

မင်းခိုက်စိုးစံ

Thursday, October 25, 2012

ဘာမှန်းမသိတဲ့ ကဗျာ

မုန်တိုင်းမတိုက်ခဲ့သလို
လေပြည်လည်း မလာခဲ့ဘူး
ငါလည်း အသက်ရှုရတာ ခက်ခက်ခဲခဲ

တွေ့တုန်းလွမ်းအောင်ချွဲပြီး
ပြီးမေ့လိုက်ပါ
အဲ့လိုဆို မိုးလေဝသ သာယာတယ်
နှလုံးသားထဲ တိမ်ကင်းစင်တယ်

ဝဋ်နာကံနာ တစ်ခုလိုမချစ်ခဲ့သလို
မြတ်မြတ်နိုးနိုးလည်း မစုံမက်ခဲ့ဘူး
ဘာအချစ်လူးမြှား သုံးရမယ်မှန်း မသိလို့
မြှားနတ်မောင်ကလည်း ကြည့်မရ

ချိုမြိန်တဲ့ဘဝလိုချင်ရင် ကိတ်မုန့်စားပြီး
ခါးသီးတဲ့ဘဝအတွက် ကော်ဖီသောက်ပါ
ကဲ ကြည့်
ဒီလောက် လွယ်ကူတဲ့ဟာ
ဘယ်သူကများ
ဘဝကို ခက်ခဲတယ်လို့ ပြောခဲ့ပါလိမ့်

တောင်ကြီးက သင့်ဆီမလာရင်
သင်ကလည်း တောင်ကြီးဆီ သွားမနေနဲ့
မောတယ်
ကိုယ့်နေရာ ကိုယ်နေပြီး
ကြက်ဆူပင် အဖြစ်နဲ့ မင်းမူတာပေါ့

ချစ်သူပျောက်ကို လိုက်ရှာနေတဲ့ မှတ်ပုံတင်

(၁)
စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတလေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး….
(၂)
သူမရဲ့ နဖူးကို ထိတယ်ဆိုရုံကလေး ငါနမ်းခဲ့တာပါ…။
(၃)
ဒါနဲ့များ…
အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလက
ရှည်လျားလှချည်လားကွယ်…..
ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာ
ငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်….
(၄)
ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊
ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ….
(မှတ်ပုံတင်တစ်ခုက
သူ့ပိုင်ရှင်ကို လိုက်ရှာနေပုံ
အို….လူတွေကို ပြောပြရင်တောင်
ယုံနိုင်စရာ မရှိပါဘူးကွဲ့)
ငါဆိုတဲ့ကောင်ကလည်း၊ မင်းအတွက်နဲ့
သူများတံတွေးခွက်ထဲ ရောက်ရင်တောင်
ပက်လက်တော့ အမျောခံမှာ မဟုတ်ဘူး၊
မင်းဆီကို လက်ပစ်ကူးပြီး လာခဲ့မယ်
(၅)
စံပယ်ပွင့်ရေ…
အချစ်တွေ ဖျားနာသွားတဲ့အထိ
ငါ့အပေါ်ရွာချလိုက်ပါကွယ်
နှင်းဆီအဖြူတစ်ပွင့် ထိုးစိုက်ထားတဲ့ နံနက်ခင်းနဲ့အတူ
ချစ်သူပြန်လာမယ်…..တဲ့
ရွာလှည့်ပါ……လာခဲ့ပါ……
အချစ်ရေ…
မင်း နောင်တ မရစေရပါဘူးကွယ်။

မင်းခိုက်စိုးစံ

ကြေငြာချက်

(၁)
ငါဟာကော်ဖီတစ်ခွက်ပါကွဲ့…
ကိုယ့်ကိုယ်ကိုတောင်ပြန်ပြီး
ခါးသက်သက် ဖြစ်နေခဲ့တာပေါ့။
(၂)
စာအိတ်ထဲ ငါဝင်နေလိုက်မယ်
အပေါ်မှာ ဘာလိပ်စာမှ မရေးပါနဲ့…
ဒီအတိုင်းပဲ စာတိုက်ပုံးထဲ ထည့်လိုက်ပါ
(၃)
ကဖေးဆိုင်လေးထဲက စားပွဲတစ်ဝိုင်းမှာ
… ငါရယ်၊
… ဘယ်အိမ်ပေါက်ဝကိုမှ မရောက်ဘူးတဲ့
စာပို့သမားအိုကြီး တစ်ယောက်ရယ်၊
… ငါ့ဖက်က တစ်ဖက်သတ် အပစ်ခတ် ရပ်စဲလိုက်တဲ့
လမ်းမတစ်ခုရယ်၊
(၄)
ခြေစုံပစ်ပြီး ရင်ခုန်ပစ်လိုက်တယ်…..
ကိုယ့်ကိုယ်ကို မရဏဖွားဖြစ်မှန်း မယုံကြည်လို့၊

မင်းခိုက်စိုးစံ

Wednesday, October 24, 2012

သစ်ပင်သေဂီတ

ဓားသွေးတဲ့အသံကို
ဂီတမဆန်ဘူးလို့ ဘယ်သူပြောမလဲ
သူလိုငါလို အသက်ရှုရဖို့တောင်မှ
ခွင့်စာရေးပြီးတင်ခဲ့ရတယ် ဟောဒီ၎ ‘သား’ကို
အမေက
ဝဋ်နာကံနာ တစ်ခုလိုချစ်ခဲ့တယ် …
မေမေရေ …
သားဟာမေ့မေ့အတွက်
လက်လွန်သွားခဲ့တဲ့ ဒဏ်ရာတစ်ခုပေါ့
အပွင့်တွေခူးဖို့
တစ်ပင်လုံးခုတ်လှဲခံထားရတဲ့ ပိတောက်ပင်လို
မေမေ့ကိုမြင်မိတယ်
(အစကတည်းက ဒီလိုမှန်းသိရင်
သား … မဖူးပွင့်ချင်ခဲ့ပါဘူး မေမေရယ်)
“နာကျင်နေတဲ့ နှလုံးသားကို
ရှာဖွေရတာ အလွယ်ကူဆုံးပဲ” … တဲ့
သစ်ခုတ်ဓားဟာ
အမေ့နှလုံးသားကိုပဲ
“အလွယ်တကူ” ရှာဖွေထိုးစိုက်ခဲ့တော့တယ် ….

မင်းခိုက်စိုးစံ

စိတ်နာသူမှတ်တမ်း

ဘဝမှာ      
နည်းပြဆရာ မလိုပါဘူး၊
ရေကူးသင်နေတာမှ မဟုတ်ပဲ အချစ်ရေ …
    နစ်ပြီးသေရမယ်ဆိုလည်း
    သေပျော်ပါတယ်၊
ကြည့်စမ်း … ဒီမှာ
သစ်ရွက်ပေါ် မိုးရေစက်လေး တစ်စက်ကျလာတဲ့ပုံ၊
ငါကတော့
ဟောဒါ မုတ်သုန်ရာသီပဲဆိုတာ … ယုံတယ်။
အချစ်ရဲ့ ကျေးဇူးတော် ဂုဏ်တော် အဆောင်အယောင်ကို
လှောင်ပြောင်စော်ကားရဲတဲ့
ငါ့ရဲ့ အမိုက်မဲလေးရေ …
    ကိုယ်ဆိုတဲ့ ခပ်ညံ့ညံ့ငနဲက
    မင်းကိုလည်း ယုံခဲ့မိတာပေါ့ …။
အလွမ်းနှစ်တစ်ရာအထိ
ကျမ်းသစ္စာ ကျိန်ဆိုလိုက်ဦးမယ် …
ကြေကွဲမူတွေ အကုန်လုံးကိုလည်း
ခုံရုံးမှာ တင်ပြမယ် …
    ငါက ရှုံးပြီးသားမဟုတ်လား
    တရားခွင်ရဲ့ “အဆုံးအဖြတ်” ကို၊
    ငါ မတောင်းဆိုပါဘူး၊
ကောင်မလေးရေ …
မင်းပေးမယ့် “အရှုံးအမြတ်” ပဲလိုတယ် …
    ငါ့ကို အဆုံးသတ်ပေးပါတော့ကွယ် …။
ဘယ်အရာကိုမှ မယုံကြည်တော့တဲ့အထိ
အရာရာကို ယုံကြည်ခဲ့မိသူ တစ်ယောက်လေ …
    ချစ်သူကိုဆဲ
    ရေကူးနည်းပြတွေကို ဆဲ … နဲ့
(ဒီကောင် …) ဘဝမှာ
ခွေးကူးကူးရဲဖို့ပဲ လိုတော့တယ်။

 မင်းခိုက်စိုးစံ

Tuesday, October 23, 2012

ချာတိတ်ကလေး တစ်ယောက် အကြောင်း

(၁)
ကျွန်တော်ဟာ “မမ” ရဲ့ နွားကလေးတစ်ကောင်ပေါ့၊
နစ် ချင်လွန်းလို့
ရေတိမ်တိမ်ကိုမှ လိုက်ရှာခဲ့တာပါ။
(၂)
အဝေးပြေးလမ်းမကြီး တစ်ခုလုံး ရင့်မှည့်နေခဲ့ပြီ
ကျွန်တော် … အိမ်ကို ဘယ်လို ပြန်ရမှာလဲ ?
(၃)
ငယ်ငယ်တုန်းက အတန်းထဲမှာ
လက်လှဲပြိုင်ရင်
အနိုင်ရချင်ခဲ့တဲ့ ကလေးလေးတစ်ယောက်ဟာ
    … ကျွန်တော်ပေါ့။
အခုတော့ …
နွေရောက်ရင် သိမ်းဆည်းရတဲ့ အနွေးထည်လို
ကိုယ့်ကိုယ်ကိုယ် လုံးထွေးပြီးတော့သာ
    ထိုးထည့်ထားလိုက်ချင်တော့တယ်
(၄)
အလွမ်းကို ဂြိုလ်စာကျွေး
ငေးကြည့်ခြင်းနဲ့ပဲ ရေမီးပူဇော်ခွင့်ပြုပါ။
(၅)
ကျွန်တော့်ကို အပြစ်မတင်လိုက်ကြပါနဲ့ဗျာ … ၊
    မမြင်ဖူးတဲ့ လူ အတွက်တော့
    “မူး” ကိုလည်း “မြစ်” လို့ ထင်ခွင့်ရှိတယ် မဟုတ်လား။

မင်းခိုက်စိုးစံ

ငါး

(၁)
ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။
(၂)
ကြယ်တွေကို ခူး ခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ…
ဒါပေမယ့်…
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့် မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
(၃)
တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖဝါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ်…
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ???
(၄)
တစ်ဘဝစာ…
ခပ်ကြာကြာ ကြည့်ခွင့်ရလိုက်ရုံလေးတင်ပါပဲ။
(ဒီအပြင် ဘာမှ မပိုခဲ့ဘူး)
ကောင်မလေးရေ…
ငါ ဆိုတဲ့ ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ…
… လွမ်းတယ်။

မင်းခိုက်စိုးစံ

ဆပ်ကပ်

လူကြီးလူကောင်းမ တစ်ယောက်
လက်ဖျောက်တစ်ချက် တီးလိုက်တယ် …
        ဆပ်ကပ်ဆရာ တစ်ယောက်က
        ခွေးလိမ္မာကို အချက်ပေးသလိုမျိုး
အဲဒီမှာ … ရိုကျိုးနေတဲ့ ငါ့နှလုံးသားကလည်း
မီးကွင်းထဲ ကျွမ်းထိုးဝင်လိုက်တော့တာပဲ …။

မင်းခိုက်စိုးစံ

စုန်းမ

ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့ …
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ “ရွာသူ” ရေ …။
ရင်ခုန်သံတွေကိုပဲ ခေါစာ ပစ်လိုက်တယ် …
သခင်မ … ပျော်ပါ … ပါးပါ၊
    စားပါ… သောက်ပါ၊
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း
    အပြစ်က လွှတ်တော်မှုပါ။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
    ပေးသနားတော်မှုပါ။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ …။

မင်းခိုက်စိုးစန်

သူငယ်တန်း

(၁)
“အချစ်” ဆိုတဲ့ စကားလုံးကို
ရေးတတ် ဖတ်တတ်တယ်ဆိုရုံလေး
        မင်းက သင်ကြားပေးလိုက်တယ်
(၂)
မကျွတ်မလွတ်နိုင်သေးတဲ့ အိပ်မက်ထဲမှာ
မင်းဘယ်တော့ အမျှဝေမှာလဲ ?
(၃)
လွမ်းနေရတာကိုက
အမှားကို နှစ်ကိုယ်ခွဲနေရသလိုပဲ၊
(၄)
ကတိဖျက်သူဟာ
ကတိပေးသွားတဲ့သူသာ ဖြစ်တယ်လေ …။

မင်းခိုက်စိုးစံ

နမ်မီးဆစ်

ဘ၀မှာ….
မျက်နှာချင်းဆိုင်ရတာလွန်းတော့လဲ
လူချင်းမှားပြီး
နှုတ်ဆက်မိတာတွေ…များလွန်းတယ်။
ကောင်မလေးရေ
“မင်္ဂလာပါ”
မင်းကိုငါလူမှားခဲ့ပါသလား…။

မင်းခိုက်စိုးစံ

ရောဂါ

(၁)
ရှင်ကွဲ ကွဲခဲ့ပုံကတော့
သူလိုငါလိုပါပဲ …။
(၂)
ကြယ်တွေကလဲ တိတ်တိတ်ကလေးပဲ လင်းတယ်။
(၃)
သံယောဇဉ်ဆိုတာ သကြားလုံးတစ်မျိုးပဲ မဟုတ်လား …၊
အချို သိပ်ကြိုက်တဲ့ သူဟာ
တစ်နေ့နေ့မှာ သွားပိုးစားခံရမှာ သေချာတယ်။

(၄)
အဲ့ဒီအခါ … မငိုပါနဲ့၊
မျက်ရည်ဆိုတာဟာလည်း ပုံတိုပတ်စ တစ်ခုပဲလေ …
(၅)
ကိုယ့်ကိုယ်ကို
လမ်းကြိုလမ်းကြား သေးသေးလေးဖြစ်အောင်ဖန်ဆင်း
ဘယ်သူမှမသိတဲ့ မြို့တစ်မြို့မှာ
ကျောခင်းပြီး လှဲနေလိုက်ပါ …
ပိုးလောက်လန်းတွေကို စစ်နေရမှာနဲ့စာရင်
အချစ်ကို သွန်ပစ်လိုက်ရတာက ကောင်းတယ်။

မင်းခိုက်စိုးစံ

Wednesday, October 17, 2012

ညီမလေးဖတ်ရန်

ညီမလေး
လောကကြီးအကြောင်းကို နားလည်စရာ မလိုဘူး
လူတွေအကြောင်း နားလည်ဖို့ပဲ လိုတယ်

ညီမလေး
လူတိုင်းအထင်ကြီးတဲ့ ဘွဲ့တွေ ဒီဂရီတွေ မရှိရင်နေ
ကောင်းမှု မကောင်းမှုတော့ ခွဲခြားသိပါ

ညီမလေး
လုပ်မိခဲ့တဲ့ အမှားတွေအတွက် ရှက်ရွံ့ဖို့ မလိုဘူး
အမှားတွေထဲမှာအလျားလိုက်ဖြစ်ဖြစ် ဒေါင်လိုက်ဖြစ်ဖြစ် ပျော်မနေဖို့ပဲ လိုတယ်

ညီမလေး
မိန်းကလေး၊ ယောကျာ်းလေးဆိုတဲ့ စည်းတစ်ခုနဲ့ အရာရာမှာ တွန့်ဆုတ်နေဖို့ မလိုဘူး
လူလူချင်းဆိုတဲ့ အသိနဲ့ အဲ့ဒီစည်းကို ခွနင်းပစ်လိုက်စမ်းပါ

ညီမလေး
ကြိုးတပ်ခံထားရတဲ့ စွန်တစ်ကောင်လို သူများထိန်းချုပ်ခံပြီး အမြင့်မှာနေမယ့်အစား
လမ်းဘေးမှာပေါက်တဲ့ မြက်ပင်စိမ်းလေးလို မြေကြီးရဲ့ ရင်ခွင်မှာ ကိုယ့်အမြစ်ကို ကုပ်ဆွဲ ခေါင်းမော့ပြီး ရှင်သန်ပါ

ညီမလေး
အိမ်မှာမွေးတဲ့ Hamster လေးတွေလို ငြိမ်သက်တိတ်ဆိတ်
အရာရာမှာ ဗိုင်းကောင်းကျောက်ဖိ သမီးလိမ္မာလေးဖြစ်မယ့်အစား
တောနက်ထဲက ဝံပုလွေမတစ်ကောင်လို ကြမ်းတမ်းရိုင်းစိုင်းပါ

ညီမလေး
ခေါက်ရိုးကျိုးနေတဲ့ ဓလေ့ထုံးစံတွေထဲမှာ အညောင်းမိမခံနဲ့
ကိုယ့်ဟာကို ဆွဲဆန့် ကိုယ့်ဦးနှောက်နဲ့ ကို ရွက်လွင့်ကြည့်စမ်းပါ

နောက်ဆုံး
ခေါင်းပေါင်း ပုဝါစလို အမြတ်တနိုးဝတ်ဆင်ခံရမယ့် ဘဝမှာသာ လှည့်မကြည့်ပဲ နေချင်နေမယ်
ခြေသုတ်ခုံလို ဘဝမျိုးရောက်ခဲ့ရင်တော့ အိမ်ဖြူတော်မှာ ဖြစ်နေစေဦး
ပြန်လည်ရှာဖွေ သိမ်းဆည်းမယ့် အကို တစ်ယောက်လုံးရှိတာ သတိရပါ