Sunday, January 27, 2013

ဒီဇင်ဘာ သတင်း

                      (၁)

(၂၁.၁၂.၁၂) သောကြာနေ့
နေ့လည်(၁)နာရီ(၂၀)မိနစ်တိတိမှာ
ကျနော်နဲ့ သက်ဆိုင်တဲ့ သန္ဓေသားတစ်ခု…
လူ့လောကထဲ ရောက်ရှိလာရဲ့။

ပြောရရင်ကိန်းဂဏန်းတွေက
(၁၂)နဲ့(၂၁)တွေချည်းဖြစ်နေတာ
ရယ်စရာ တိုက်ဆိုင်မှုပေါ့။

ထပ်ပြောရရင်အဲဒီနေ့ဟာ
မာယာလူမျိုး တွေရဲ့ပြက္ခဒိန်အလိုအရ
ကမ္ဘာကြီးပျက်သုန်းမဲ့ နောက်ဆုံးရက်စွဲပေါ့။

                       (၂)

အူဝဲ…အူဝဲ…ဆိုတဲ့
အော်မြည် ငိုကြွေးသံ တွေကြားထဲ
သားရဲ့ပထမဆုံးနေ့ကို
တခြားသာမန် ကလေးများလိုပဲ စတင်နိုင်ခဲ့တယ်။

ဖခင် တစ်ယောက်ဖြစ်လာခဲ့ ပြီးနောက်
ကျနော်ဟာ သားအတွက်
အဲဒီ(သာမန်)ဆိုတာကိုသာ
မျှော်လင့်ချက် ထားလို ပါတယ်။

သာမန်ပညာရေးပဲ
သာမန် ပတ်ဝန်းကျင်မှာ
သာမန် ရှင်သန်မှုပဲ….
ဒါဆို ရပြီ။

ကိုယ်မွေးထားတဲ့ သား၊သမီးမို့
သူများကလေး တွေထက် ရုပ်ပိုချောတယ်
ဥာဏ်ပိုကောင်းတယ်…ဆိုတာမျိုး၊
နေ့ကြီး၊ရက်ကြီး မှာမွေးဖွားလို့
ဘယ်လို ဇာတာကောင်းပြီး၊
ဘယ်ပုံ မျိုးရိုးမြင့်မြတ်တယ်…ဆိုတာမျိုး (အစရှိသော)
ပေါတောတော အတ္တတွေနဲ့
စစ်ပဒေသရာဇ်တို့ရဲ့ အရူးစိတ်များ
ကျနော့်ထံမှာ မရှိပါ။

သားအရွယ်ရောက်လာရင်
ရပ်ကွက်ထဲက တခြားသော သာမန်ဘ၀တွေလိုပဲ
လမ်းသရဲ၊၀န်ထမ်း၊ ဈေးသည်၊ဆရာဝန်၊
ဖာဂေါင်း၊ အခြောက်၊ကျောင်းဆရာ….
ဘာမဆိုဖြစ်လာ နိုင်မှန်း
ကျနော် လက်ခံထားပြီးသားပါ။

သားရဲ့အနာဂတ် ဘ၀မှာ
အတော်ဆုံး၊ အတတ်ဆုံး၊
အထူးချွန်ဆုံး လူတစ်ဦးဖြစ်ချင်မှဖြစ်မယ်။
ဂုဏ်သတင်းနဲ့ သြဇာကြီးမားတဲ့
ပညာရှိ ခေါင်းဆောင် တစ်ဦးဖြစ်ချင် မှဖြစ်မယ်။
နောက်ပြီး…ငွေကြေးဓန ကြွယ်ဝသော
လူကုံထံ သူဌေး ကြီးတစ်ဦးလည်း ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့လို့
တာဝန်ကျေတဲ့ အခွန်ထမ်းပြည်သူ တစ်ယောက်အဖြစ်
အမှန်တရားကိုချစ်ပါ
သူရဲကောင်းတွေကို လေးစားပါ
လူ့ဂုဏ်သိက္ခာ အတွက်
တိုက်ပွဲဝင်ပါ။

တစ်နေ့နေ့၊ တစ်ချိန်ချိန်
တိုင်းပြည်က မင်းကိုလိုအပ် လာတဲ့အခါ
သာမန်လူငယ်လေး တစ်ယောက်ပေမဲ့ သွေးရဲကြောင်းကိုတော့
ပြသ နိုင်ပါစေ။

                            (၃)

သားရေ…
ဒီအတိုင်းဆို ခေတ်ဆိုး၊စနစ်ဆိုးကြီးက
အမှောင်လမ်းပေါ် သွေးညှီနံ့တွေ ထွန်းညှိပြီး
အောင်ပွဲခံ နေဦးမှာပါလား။
နိုင်ငံ တ၀ှမ်းရှိ အဖိနှိပ်ခံပြည်သူတွေ ကလည်း
သပိတ်လက်နက်ကို မြဲမြဲကိုင်စွဲလို့
ချီတက် တိုက်ပွဲဝင်နေကြဆဲပါလား။

အစိုးရမင်းများကတော့
ဒါကို ပုဒ်မ(၁၈)၊ပုဒ်မ(၅၀၅-ခ) ဆိုတာတွေနဲ့
သွေးရူး၊သွေးတန်း ခုခံနေကြရဲ့။

ဒီကနေ့ ပြည်သူလူထုကြီးဟာ
နှစ်ပေါင်း(၅၀)ကျော် အတွေ့အကြုံများ အရ
မိမိတို့အခွင့်အရေး အတွက်ကိုယ်တိုင် တိုက်ယူရမယ်ဆိုတာ
အတိအကျ သဘောပေါက်နေကြပြီ။

မကြာမီ လာမည် ဆိုတဲ့
မင်းလောင်းမျှော် စိတ်ဟာ
လုံးဝ အလုပ်မဖြစ်တော့ဘူးလေ။

                             (၄)

တကယ်တော့
ဒါတွေဟာ မတော်တဆပါ။
(ဒီ့ထက် ရိုးရိုးသားသား ၀န်ခံရရင်)
သားတို့ လူဖြစ်လာမဲ့ခေတ် မတိုင်မီ၊
ရှေ့က ကျနော်တို့မျိုးဆက်များရဲ့ ပေါ့ဆမှုတွေလည်း
အများကြီး ပါတာပေါ့။

အခုဆို
အပြင်းဖျားနေတဲ့ အတွင်းသားတွေဆီ
ဘယ်ရိုးသားမှု နဲ့မှမချဉ်းကပ်နိုင်တော့၊
စားဝတ် နေရေးပုံပြင် များမှာ
သားချော့တေး ဆိုနေရှာသောမိခင်တွေလည်း
နိုင်ငံတော် ပုန်ကန်မှု ဖြစ်လိုဖြစ်၊
ဆယ်စု နှစ်ပေါင်းများစွာ
ဥပဒေပြု လွှတ်တော်မရှိခဲ့တဲ့ တိုင်းပြည်အဖို့
တရားဥပဒေ စိုးမိုးရေးဆိုတာ
အကြောက်တရား လွှမ်းမိုးထားတဲ့ ငြိမ်ဝပ်ပိပြားရေးပဲရမယ်။

ဒါဖြင့်
ဘယ်အရာတွေဟာ ထိလွယ်၊ရှလွယ်
တည်ဆောက်ရေး မျိုးဖြစ်ခဲ့လို့လဲ။

ဒါဖြင့်
စစ်အာဏာရှင် အလိုမရှိ၊
ရုပ်သေး သမ္မတအလိုမရှိ…ပဲ။

ဒါဖြင့်
အာဏာဟာ လူထုဆီ ကမလာဘဲ
သေနတ်ပြောင်းဝက ပဲလာနေတုန်းပေါ့။
အခုလည်း ကြည့်…
စစ်ဗိုလ် လူထွက်တချို့က
အမျိုးသားနိုင်ငံရေး တဲ့။
(တကယ်တမ်းမှာ နာဇီဖက်ဆစ်ဝါဒီတွေကလည်း
သူတို့ ကိုယ်သူတို့ အမျိုးသားနိုင်ငံရေးလို့
ဟစ်ကြွေးခဲ့ ကြတာပဲ။)

သားရေ…
မင်းရှေ့လျှောက် ရင်ဆိုင်တွေ့ရမဲ့
လူ့အဖွဲ့ အစည်းကြီးဟာ
အဲသလို မဖွယ်မရာ
ရင်မောစရာ အတိ ပြီးနေတာပေါ့ကွာ။

                             (၅)

အနက်ရောင် ဆောင်းရက်စွဲ များကြားမှာ
သားကြောင့်
အရာရာကို ချစ်စိတ်ဝင်နေခဲ့တဲ့ ကျနော်
သားကြောင့်ပဲ
အရာရာကို အစိုးရိမ်ကြီးနေမိ ပြန်တယ်။

ဒီကျနော့် စိုးရိမ်မှုတွေဟာ
နောင်တစ်ချိန် သားအတွက်
ကျမ်းကိုးဖို့ လိုအပ်လာတဲ့အခါ
လုံလောက်တဲ့ သဲလွန်စတစ်ခု ဖြစ်နိုင်ပါ့မလား။

ဘာပဲဖြစ်ဖြစ် သေချာတာက
သားသည် ရှုံးနိမ့် လုနီးပါး စစ်ပန်း နေသော
သူ့ဖခင် (ကျနော့်)ရဲ့ စစ်ကူမဟုတ်၊
အမွေခံ နိုင်ငံရေးသမား (သို့မဟုတ်)
အမွေခံ အနုပညာသမား တစ်ယောက်ဖြစ်လာရန်  ပို၍ မဟုတ်…၊
သားကို ကျနော်က
လွတ်လွတ်လပ်လပ် နဲ့လောင်းရိပ်ကင်းစွာ
ရှင်သန် ကြီးပြင်းလာစေ ဖို့ဆန္ဒရှိ ပါတယ်။

အကြောင်းကတော့ လူမမယ်ကလေးငယ် တစ်ယောက်ပေါ်
တစ်စုံတရာ မျှော်လင့်ချက် ထားတာဟာ
မမျှတ တဲ့တာဝန်ပေးခြင်း ဖြစ်တယ် လို့
ကျနော်က ယုံကြည်ယူဆ လို့ပါပဲ။

                            (၆)

အို-
အဝေးဆီက ပဲ့တင်လာတဲ့
မြောက်ပြန်လေ တစ်ချက်က
ကျနော့် ခန္ဓာကို ရုတ်ခနဲ အဖျားခတ်သွားရဲ့။

                           (၇)

ကျနော်က သက်ပြင်းကို
(ဖြေးဖြေးချင်းပဲ)
သေသေချာချာ ချလိုက်တယ်။

သားဆိုတဲ့ဇောနဲ့ ရေးလိုက်မိတဲ့
ဟောဒီ ကဗျာဟာ
ချောင်ကြို၊ ချောင်ကြားမှာကပ်နေတဲ့ သုညတစ်လုံးရဲ့
အတ္ထုပတ္တိလည်း ဖြစ်နိုင်ပါတယ်။

ကဲ…လာကြ၊
ပြီးရင် အထုပ်ကိုယ်စီ ဖြည်ပြကြ…

ခေတ်ကာလ ကိုဖျော်ဖြေရန်
ကျီးကန်း အလှမွေးမြူသူတွေ
ရှိခဲ့ပြီ…။      ။

ဝေမှုးသွင်

အငွေ့ပျံခြင်း

ခေတ်ကိုက
ယောနိသောမနသိကာရတွေ ဆိတ်သုဉ်းတဲ့ခေတ်
ခေတ်ကိုက
ဣဿာနဲ့ မစ္ဆာရိယတွေ ကြီးစိုးတဲ့ခေတ်
ခေတ်ကိုက
လောဘနဲ့ ဒေါသကို သိပံ္ပနည်းကျမွေးမြူရေးလုပ်နေတဲ့ခေတ်
ခေတ်ကိုက
အာဃာတ တရားတွေကို တယုတယ စိုက်ပျိုးနေကြတဲ့ခေတ်
ခေတ်ကိုက
ညာဘက်က တဆုပ်ကြဲဖို့အရေးထက် ဘယ်ဘက်ထဲ တလှည်းဝင်ဖို့အရေးကို ပိုအာရုံစိုက်ကြတဲ့ ခေတ်
ခေတ်ကိုက
မောဟတွေကို နေကာမျက်မှန်လို တပ်ဆင်ကြတဲ့ခေတ်
ခေတ်ကိုက
ဝိဘစ္ဆဝါဒီတွေကို ကြောက်လန့်တကြား ဖိနှိပ်ထားကြတဲ့ခေတ်
ခေတ်ကိုက
စိတ်ကျန်းမာရေးထက် ကိုယ်ကျန်းမာရေးက အရေးကြီးတဲ့ခေတ်
ဒီလို့နဲ့
ငါ့ရဲ့ ယောနိသောမနသိကာရတွေလည်း ပရုတ်လုံးလို လုံးပါးပါးလာခဲ့
ဣဿာနဲ့ မစ္ဆာရိယတွေ မစိုက်ပျိုးရပဲ အပြိုင်အဆိုင် ကြီးထွားခဲ့
လောဘနဲ့ ဒေါသတွေအတွက် လောင်စာတွေ ထပ်ထည့်မိခဲ့
အာကာသတရားတွေကို ပိုးမွေးသလို မွေးမြူမိခဲ့
ညာလက်က ကြဲရမယ့် တဆုပ်ကို မေ့ပြီး ဘယ်ဘက်က တလှည်းဝင်ဖို့ပဲ အာရုံရောက်ခဲ့
မောဟအတွက် ဈေးကြီးကြီး Brand ကောင်းကောင်း နေကာမျက်မှန်တလက်ဝယ်ဖို့ ပိုက်ဆံ စုနေခဲ့
ဝိဘစ္ဆဝါဒီကို ဘုရားဟောကျမ်းတွေထဲ့ မေ့ထားခဲ့
စိတ်ကျန်းမာရေးထက် ကိုယ်ကျန်းမာရေးအတွက် အားဆေးတွေလှိမ့်သောက်နေခဲ့
ဒီလိုနဲ့..
ဒီလိုနဲ့..
ဒီလိုနဲ့..
ငါလည်း တဖြည်းဖြည်း အငွေ့ပျံခဲ့

Wednesday, January 16, 2013

စွဲလမ်းမှု၏ စာမျက်နှာများ

                    ။၁။
       
 ဘ၀ကတစ်ခါတလေ
နေပျော်ဖွယ်ရာရှိပါတယ်။

သူငယ်ချင်းတွေ
ရုပ်ရှင်ကားတွေ
ဇိမ်ခံဟိုတယ်ကြီးတွေ
ကော်ဖီခွက်တွေ
တိရစ္ဆာန်ရုံတွေ
ချောကလက်လိုအရသာရှိတဲ့ကောင်မလေးတွေ
ဒီလိုတွေ
ဟိုလိုတွေ
သစ္စာတွေ
မေတ္တာတွေ
............စသဖြင့်အခက်အခဲတွေမှာ
မိုးရေတစ်စက်က
ပေါက်ခနဲ ငါ့အသားကိုလာထိမှန်တယ်။

ဘာအဓိပါယ်လဲလို့ စမ်းစစ်ကြည့်လိုက်တော့
၁၉၉၄ ခုနှစ်ရဲ့နွေဦး၊
ကနေတဲ့ကောင်မလေးတစ်ယောက် ရဲ့လက်ချောင်းလေးများ
မီးလျှံတစ်ခုလိုပဲ သေသပ်လှပနေရဲ့။

                       ။၂။

မော်တော်ကားတွေ
နောက်ပြန်ဆုတ်သွားကြတယ်။
သစ်ရွက်ကြွေတွေ
အပင်ပေါ် ပြန်တက်သွားကြတယ်။
မီးခိုးငွေ့တွေ
စီးကရက်ထဲပြန်ဝင်သွားကြတယ်။
ငါလည်းပြန်ငယ်သွားတယ်
၁၉၉၄ခုနှစ်
အရပ် ၅ပေ ၁၀လက်မ
ကိုယ်အလေးချိန်(၁၁၀)ပေါင်
အသက်(၁၆)နှစ်
ပိန်ပိန်ရှည်ရှည် ချာတိတ်တစ်ယောက်...။

ထောင့်မကျိုးတာ၊ခေါင်းမာတာ၊
သူတစ်ပါးကိုမနာခံတတ်တာ၊
ကိုယ့်ထက်သုံးနှစ်လောက်ငယ်တဲ့
ကောင်မလေးတစ်ယောက်ကိုအသည်းအသန်ချစ်မိတာ
ငါ့ဖက်ရှင်တွေပေါ့။

အဲဒီတုန်းကအချစ်ဆိုတာ
ဖက်ဖူးရောင်ဖီးဆင့်စက်ဘီးလေးမှာ...
မင်းရဲ့ကြောက်လန့်တကြားအော်ဟစ်သံတွေမှာ...
ငါ့ကိုမြင်တာနဲ့
အကြောင်းမရွေးတဲ့မင်းမျက်စောင်းများဆီမှာ.....။

အရာရာဟာ
ကမ်းမမြင် လမ်းမမြင်ပေါ့ကွာ။

မင်းကိုတချို့က
ပလပ်စတစ်ပန်းလို့ခေါ်ကြတယ်။
ငါကပလပ်စတစ်ပန်းရဲ့မွှေးရနံ့ကို
ကဗျာဖွဲ့တယ်။
ပြီးတော့ငါ့ဒဏ်ရာတွေကို
ပလပ်စတစ်ပန်းလို့နာမည်ပေးထားတယ်။

နောင်အခါ
ငါ့တပ်မက်မှုတွေအားလုံးက
အဲဒီပလပ်စတစ်ပန်းလေးဆီမှာပေါ့။
ကိုယ့်ကိုယ်ကိုလည်း
အဲဒီပလပ်စတစ်ပန်းကိုအသက်သွင်းနိုင်လိမ့်မယ်လို့
ယုံကြည်မိခဲ့ဖူးတယ်။

ကမ္ဘာကြီးမှာ
မဖြစ်နိုင်တာတွေဖြစ်ခဲ့တယ်။
ဒါပေမယ့်
ငါယုံကြည်တာတွေမဖြစ်ခဲ့ဘူး။

ဒီလိုနဲ့မင်းနဲ့ဝေးရာမှာပဲ
ငါနေခဲ့တယ်။
ပန်းကောက်တဲ့လက်ဟာ
ကဗျာရေးတဲ့လက်ဟာ
မင်းကြောင့်ပဲချာတိတ်အချင်းချင်း
လက်သီးတွေလည်းထိုးခဲ့ဖူးပါတယ်။

နှစ်တွေကြာလာတော့
ငါကလမ်းသရဲစိတ် နဲ့ကဗျာဆရာ၊
မင်းရှိတဲ့မြို့လေးဆီ
သိပ်မရောက်ြ ဖစ်တော့ဘူး။
ရန်ကုန်မှာ အနုပညာနဲ့၊
နိုင်ငံရေးနဲ့၊ခေတ်ပေါ်အသုံးအဆောင်တွေနဲ့၊
ကောင်မလေးဒီဇိုင်းမျိုးစုံနဲ့၊
အတွေးအခေါ်အသစ်အဆန်းတွေနဲ့။

ငယ်သူငယ်ချင်းတွေနဲ့တွေ့ရင်
မတော်တဆပဲဖြစ်ဖြစ်
မင်းသတင်းတွေကပါလာတတ်တယ်။
ဘယ်လိုသတင်းပဲဖြစ်နေပါစေ
ကောင်းကောင်း၊ဆိုးဆိုး
ငါကပြုံးပြီးနားထောင်နေမိတယ်။

ငါ့ရည်းစားဟောင်းတွေစာရင်းဟာ
တစ်နေ့တခြားများလာရဲ့။

အခုငါက
အချစ်ပတ်သက်ရင်
နာမည်ပျက်နဲ့ကောင်ပါ။

အသိဥာဏ်နဲ့ အနုပညာကြောင့်
နည်းနည်းကျော်ကြား လာတာကလွဲရင်
နေတာ ထိုင်တာအရင်အတိုင်းပဲ
ခေါင်းမာတာ အရင်အတိုင်းပဲ
လူမုန်းများတာ အရင်အတိုင်းပဲ
မင်းကိုချစ်တာ အရင်အတိုင်းပဲ။

ဘ၀ရဲ့ မှတ်တိုင်အဖြစ်
ဟာသ စာအုပ်တွေကိုလည်း
ခပ်တည်တည်ဖတ်ခဲ့ပေါ့။

                 ။၃။

နှစ်ကာလများ၊ ဂစ်တာသံများ၊
ပြန်မစဉ်းစားဖြစ်ခဲ့တဲ့ အတိတ်များ၊
မြေကြီးဆန်တဲ့ ပိုးမွှားတစ်ကောင်လိုလေ့ကျင့်ခန်းများ။

အခြေအနေတချို့ကိုဖြတ်ကျော်ခဲ့ပြီးနောက်
ငါတို့အခုပြန်တွေ့ကြပြီ။

တစ်ယောက်မျက်လုံးတွေကိုတစ်ယောက်
စူးစမ်းနေရဲ့၊
တစ်ယောက်ရယ်သံတွေကိုတစ်ယောက်
နားစွင့်နေရဲ့၊
တစ်ယောက်နာကျင်မှုတွေကိုတစ်ယောက်
ပြောပြနေရဲ့၊
တစ်ယောက်အိပ်မက်တွေကိုတစ်ယောက်
တိုင်ပင်နေရဲ့။

                        ။၎။

အမှတ်တမဲ့ မိုးစက်တွေက
အမှတ်တမဲ့ပဲ ရယ်စရာကောင်းသွားခဲ့ပြီ။

အခုလိုထီးတစ်ချောင်းကို
ငါတို့နှစ်ယောက် အတူဆောင်းရလိမ့်မယ်လို့
တစ်ခါမှမထင်မိခဲ့ဘူး။

ခံစားမှုတွေဟာ
နှစ်ခါပြန်သေဆုံးတတ်ပါသလား။
ဘ၀ဟာ
ရိုးရိုးလေးအံ့သြစရာကောင်းနေတဲ့အခါ
ဒိုင်ယာရီထဲက၀ါကျအဟောင်းတွေက
မျက်ရည်ဝဲဦးမှာလား။

လူတွေက
ထင်ချင်သလိုထင်ကြမယ်
ပြောချင်သလိုပြောကြမယ်
ငါကလည်း ရွှဲ့စောင်းစောင်းနဲ့
ဘာတစ်ခုမှ အဆင်မပြေတဲ့ကောင်။

ပြီးစလွယ်နေ့စွဲများမှာ
မင်းလက်ကဓါးဒဏ်ရာလေးကအစ
မင်းပါးပြင်ပေါ်က အကြောစိမ်းစိမ်းလေးတွေအထိ
ငေးကြည့်နေမိတယ်။

                         ။၅။

မင်းကရောဘယ်လိုလဲ
တိတ်တိတ်လေး အရသာရှိဖို့၊
ရုတ်တရက် အငွေ့ပျံတတ်ဖို့၊
လူသားသမိုင်း ကိုခမ်းနားဖို့၊
ပြီးတော့....
အစစ်အမှန်တွေကို ချစ်တတ်လာစေဖို့လည်း
ငါက ဆန္ဒပြုလိုက်ပါတယ်။

လမ်းဖောက်သူနဲ့
လမ်းလျှောက်သူ ဆိုတာဘယ်လိုမှ
မတူနိုင်ဘူး မဟုတ်လား။

ရာဇ၀င်တွေဟာ
ငါ့မှတ်ဥာဏ်များကို စိုးမိုးထားဆဲ။
အိပ်ရာဝင် ပုံပြင်မှာလည်း
မင်းနာမည် နဲ့ခေါင်မိုးထားဆဲ။
အနာဂတ်တွေကတော့
ကြုံသလို ဖြစ်ခဲ့ပြီ။

                   ။၆။

ငါကသူရဲကောင်း မဟုတ်ဘူး
မင်းရဲ့ နူးညံ့မှုတွေမှာ
သာမန်လူတစ်ယောက်လိုပဲ
ကျဆုံးသွားခဲ့သူပါ။

မင်းအချစ် ဆီရောက်ဖို့လည်း
ငါ့မှာလမ်းညွှန်မြေပုံမရှိဘူး။
အဲဒီအတွက်တော့ပင်ပန်းလိမ့်မယ်လို့
ငါမျှော်လင့်ထားပါတယ်။
အခုငါက
ရှားရှားပါးပါးရိုးသားချင်နေရဲ့။

လောင်ကျွမ်းစရာ မိုးတိမ်တွေက
ဟိုတုန်းကလိုပဲ
ငါ့ကောင်းကင်မှာ အုံ့မှိုင်းနေကြတယ်။

အချစ်ရေ....
ပလပ်စတစ်ပန်းပေမယ့်
မင်းပွင့်ချပ်မှာတော့
ဝတ်မှုန်လေးတွေ ရှိစေချင်ပါတယ်ကွာ။

                      ။၇။

တစ်ချိန်တုန်း ကနွေဦးဟာ
ငါ့ရင်ထဲကစွေ့ခနဲ ခုန်ထွက်သွားပြီ။

လမ်းမပေါ်မှာသစ်ရွက်လေးတစ်ရွက်
လေတိုက်ရာကိုရွေ့နေတယ်။

အခုလို ကိုယ့်အရသာနဲ့ကိုယ်
မီးတောက်နေတဲ့ရက်စွဲများမှာ
ရင့်ကျက်မှုတွေနဲ့မပြည့်စုံသေးတဲ့ကဗျာဆရာတစ်ယောက်
အဝေးကြီးကို ငေးရီလို့၊
စက်ဝိုင်း တစ်ခုမှာ
အလွမ်းဟာ ခဏ ခဏ ဂျို့ထိုးလို့၊
ငါကချစ်မေတ္တာတွေကို
ဟန်ဆောင် ရယ်မောနေရဲ့။          ။
 
ဝမှူးသွင်