Wednesday, November 7, 2012

To Whom It May Concern

သမုဒ္ဒရာကြီးတစ်ခုလုံး
မပေးနိုင်မယ့်အတူတူ
ရေတစ်ခွက်နဲ့ လာပြီး
ချွေးမသိပ်ပါနဲ့

ငါကလည်း
တစ်သက်လုံးအတွက် မဟုတ်ရင်
လေးနှစ်လောက်နဲ့တော့
ရှင်ဘုရင် မလုပ်ချင်ဘူး

မနုတ်လောက်လို့
တစ်ဆယ်ချီးမယ့်အတူတူ
ညီမျှခြင်းတစ်ခုရဲ့
ဟိုဘက်ခြမ်းကို နင့်ကိုပို့
အကြွင်းသုညထွက်အောင်ပဲ စားပစ်လိုက်မယ်

တော်ရာပျော်ရာမှာနေ
ပုံမှန်အတိုင်းဆက်ဆံ
ဖားစရာမလို ဖာစရာမလို
ဂရုတစိုက် စောင့်ရှောက်စရာမလို
ချစ်စရာမလို ခင်စရာမလို
ပျောက်သွားသော် လိုက်ရှာရန်မလို
ဖုန်းဆက်ရန် မလို၊ မက်စေ့ပို့ရန်မလို
အိမ်သွားမေးရန် မလို
သေသွားသည်ရှိသော် ငိုရန်မလို
အယောင်အဆောင် လွမ်းသူပန်းခွေချရန်မလို
အမျှဝေရန်မလို ဆွမ်းသွပ်ရန်မလို
ငါ့ဓာတ်ပုံများ အမှတ်တရ ပြန်ကြည့်ရန်မလို
ထို့ကြောင့်
.
.
.
နင်မုန်းလိုက မုန်းနိုင်သည်။

ရည်းစားစာ

စာရွက်ပေါ်မှာပဲ နင့်ကိုချစ်နေယုံနဲ့တော့
ငါ့ဘဝ မှင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်။
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကို ငါမခေါ်ချင်ဘူး။
ကျောင်းအုပ်ကြီးဖတ်ဖို့ ရေးတဲ့စာမဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။
နင့် နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ။

တာရာမင်းဝေ

သင်းကွဲသူများ - ၁

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ဘဲ
မေ့ထားလိုက်ပါတော့ ကလေးရယ်
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ မှုတ်ငြိမ်းစားလိုက်ပါ့မယ်
တစ်ယောက်က တစ်ယောက်ရဲ့အလင်းဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ်ဖြစ်ချင်ကြ
အခုတော့လည်း အားလုံး ဆုံးလျသွားပါပြီ
သွားတော့ ဘေဘီ
ဟိုးမှာ
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။

တာရာမင်းဝေ

Friday, November 2, 2012

ပန်းအိုး

တိတ်တိတ်လေး ကွဲသွားတာပါ …

ရိပ်ခနဲ မြင်လိုက်သူကတော့
မျက်လုံးတစ်ချက် ဝှေ့ကြည့်တယ် …

နှင်းဆီတွေကို ထမ်းရင်း … ထမ်းရင်း
အားပြတ်သွားတာလို့ပြောကြတာပဲ …

ကြာတော့လဲ
ဒီအကြောင်းကို မပြောဖြစ်ကြတော့ဘူး …

တည်ငြိမ်းကို